ရှေ့သို့
Image

တောင်အမေရိကရဲ့အခါးသီးဆုံးပြိုင်ဘက်တွေ ဆီမီးမှာတွေ့ဆုံဖွယ်ရှိနေတဲ့ ကိုပါအမေရိကဖလားရှုံးထွက်ပွဲစဉ်များ

1:48 PM, 25 June

ကိုပါအမေရိကဖလားအုပ်စုပွဲတွေကို ရက်သတ္တပတ် ၂ပတ်နီးပါးကြာကျင်းပခဲ့ပြီးနောက် ရှုံးထွက်အဆင့်ပွဲတွေကျင်းပဖို့ အသင့်ရှိနေပါပြီ။

အနိုင်ယူဖို့ခက်ခဲတဲ့အသင်းတွေကြောင့် မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်ကိုတော့ အသင်းကြီးတွေအားလုံးတက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အိမ်ရှင်ဘရာဇီး၊ မက်ဆီရဲ့အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ၂ကြိမ်ဆက်ချန်ပီယံ ချီလီတို့လည်း တက်ရောက်နိုင်ခဲ့ပါတယ်။

ဘရာဇီး၊ ကိုလံဘီယာနဲ့ ဥရုဂွေးတို့က အုပ်စုပထမ ကိုယ်စီရရှိခဲ့ကြပြီး ကွာတားဖိုင်နယ်အတွဲတွေလည်း ထွက်ပေါ်လာပါတယ်။

ဇွန်၂၈၊ ဘရာဇီး - ပါရာဂွေး (နံနက် ၇း၀၀)
ဇွန် ၂၉၊ ဗင်နီဇွဲလား - အာဂျင်တီးနား (နံနက် ၁း၃၀)
ဇွန် ၂၉၊ ကိုလံဘီယာ - ချီလီ (နံနက် ၅း၃၀)
ဇွန် ၃၀၊ ဥရုဂွေး - ပီရူး (နံနက် ၁း၃၀)

ဘရာဇီးဟာ အရည်အသွေးမြင့်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရာမှာ နေမာမပါလည်း အန္တရာယ်ပေးနိုင်တဲ့တိုက်စစ် ပိုင်ဆိုင်ထားဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

အိမ်ရှင်အသင်းဟာ အုပ်စု ၃ ပွဲ ကစား ၈ ဂိုး သွင်းယူကာ ခံစစ်ကလည်း တစ်ဂိုးမှမပေးခဲ့ရဘဲ အထူးသဖြင့် ပီရူးကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ နည်းလမ်းမျိုးစုံကနေ ဂိုးသွင်းနိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘရာဇီးဟာ အုပ်စုအဖွင့်ပွဲမှာ ဘိုလီးဗီးယားကို ဒုတိယပိုင်းရောက်မှ ၃ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်သလို ဗင်နီဇွဲလားနဲ့ အုပ်စုဒုတိယပွဲမှာလည်း ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

ဘရာဇီးဟာ ပါရာဂွေးနဲ့ပွဲမှာတော့ အခက်မတွေ့နိုင်လောက်ဘူးလို့ ထင်ပါတယ်။

အုပ်စုပွဲစဉ်တွေအနက် ကိုလံဘီယာက ခြေစွမ်းအတည်ငြိမ်ဆုံးအသင်းအဖြစ် ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး ဘရာဇီးလိုပဲ ပွဲတိုင်းပေးဂိုးမရှိကစားထားသလို တိုက်စစ်ပိုင်းကလည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ဖယ်လ်ကာအိုတို့လို ကစားသမားတွေကြောင့် အသင်းတိုင်းကို အခက်တွေ့စေနိုင်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ချီလီနဲ့ရင်ဆိုင်ရမယ့်ပွဲက သူတို့အတွက် ခက်ခဲလာနိုင်တာမှန်ပေမယ့် လက်ရှိအချိန်မှာတော့ ခြေစွမ်းအတည်ငြိမ်ဆုံးဖြစ်နေပါတယ်။ ကွာတားဖိုင်နယ်ပွဲတွေအနက်  ကိုလံဘီယာ-ချီလီပွဲနဲ့အပြိုင် ကြည့်ကောင်းလာနိုင်တာက အာဂျင်တီးနားနဲ့ဗင်နီဇွဲလားတို့ရဲ့အားပြိုင်ပွဲဖြစ်ပါတယ်။

အာဂျင်တီးနားက အုပ်စုပွဲတွေမှာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးနဲ့ စိတ်ပျက်စရာဖြစ်ခဲ့သလို ဂိုးကွာခြားမှုလည်း ၀ ပဲဖြစ်ခဲ့ပါတယ်။

မက်ဆီပါဝင်တဲ့အသင်းတိုင်းက အန္တရာယ်ရှိတာမှန်ပေမယ့် အာဂျင်တီးနားအသင်းအနေနဲ့ မျှော်လင့်ချက်တွေပြည့်မြောက်စေဖို့ ကြိုးစားရဦးမှာသေချာပါတယ်။

သူတို့ရင်ဆိုင်ရမယ့်ပြိုင်ဘက်ကလည်း တော်ရုံတန်ရုံအသင်း ထိုးဖောက်ရခက်တဲ့ခံစစ်ပိုင်ရှင် ဗင်နီဇွဲလားဖြစ်ပြီး အုပ်စုတွင်း ၃ပွဲမှာ ၁ဂိုးပေးထားရသလို ဘရာဇီးကိုလည်း ဂိုးမပေးရအောင် ကစားနိုင်ခဲ့ပါတယ်။

နောက်ဆုံးကွာတားဖိုင်နယ်ပွဲကတော့ ဥရုဂွေး အသာရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်လျက်ရှိပြီး ပီရူးကတော့ ဘရာဇီးကို ၅ ဂိုးပြတ်အရေးနိမ့်ခဲ့ရမှုကနေ အကောင်းဆုံးပြန်လာနိုင်ဖို့ လိုအပ်နေပါတယ်။

ကာဗာနီနဲ့ ဆွာရက်ဇ်တို့လို ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲပိုင်ဆိုင်ထားတဲ့ဥရုဂွေးက လက်ရှိကိုပါအမေရိကဖလားပြိုင်ပွဲရဲ့အောင်မြင်မှု အရှိဆုံး အသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။

#ကိုလံဘီယာ #ဗင်နီဇွဲလား #ကိုပါအမေရိက