ရှေ့သို့
Image

ဆွဇ်ဇာလန် တိုက်စစ်မှူး ဒါမစ်ကို ခေါ်ယူနိုင်ခဲ့တဲ့ နော်ဝှစ်ခ်ျ

1:32 PM, 25 June

ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ နော်ဝှစ်ခ်ျအသင်းဟာ မိုချန်ဂလာဘတ်အသင်း တိုက်စစ်မှူး ဂျိုဆစ် ဒါမစ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

တိုက်စစ်မှူး ဒါမစ်ဟာ မိုချန်ဂလာဘတ်အသင်းမှာ ၄ ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် နော်ဝှစ်ခ်ျအသင်းကို အလွတ်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အဆိုပါ ဆွဇ်ဇာလန် တိုက်စစ်မှူးဟာ ပက်ထရစ် ရော်ဘတ် ပြီးနောက် ဒုတိယမြောက် ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား ဖြစ်လာပါတယ်။

“ကျွန်တော်အခု ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတာဟာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ပါ။ ပြီးတော့ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ် တစ်ခုပါ”လို့ ဒါမစ်က နော်ဝှစ်ခ်ျ တရားဝင် ၀က်ဘ်ဆိုဒ်ကို ပြောပါတယ်။

“နော်ဝှစ်ခ်ျ အသင်းအတွက် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက် ကစားသွားမှာပါ။ ပြီးတော့ အသင်းကိုလည်း သွင်းဂိုးတွေနဲ့ အကောင်းဆုံးအဆင့်တစ်ခု ရောက်ရှိအောင် စွမ်းဆောင် ပေးသွားမှာပါ”လို့ သူက ထပ်ပြောပါတယ်။

တိုက်စစ်မှူး ဒါမစ်ဟာ မိုချန်ဂလာဘတ်အသင်းကို မပြောင်းရွှေ့ခင် နုရင်ဘတ် ၊ လေဗာကူဆင် ၊ ဟမ်းဘတ်အသင်းတို့မှာ ကစားခဲ့ပြီး နောက်ဆုံးမှာမှ  မိုချန်ဂလာဘတ်အသင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အခုလို တိုက်စစ်ပိုင်းကို အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ကစားသမားတစ်ဦးကို ရရှိခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ သူ (ဒါမစ်)ဟာ ဘွန်ဒက်လီဂါကော ဆွဇ်ဇာလန်အသင်းမှာပါ အကောင်းဆုံး ပုံစံတစ်ရပ် ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကိုတော့ ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းခဲ့ရပေမယ့် အခုတော့ သူအကောင်းဆုံး ပုံစံတစ်ရပ်မှာ ရှိနေပါပြီ။ အသင်းအတွက်လည်း အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ နော်ဝှစ်ခ်ျ နည်းပြ ဒန်နီရယ် ဖာကီက ပြောကြားခဲ့ပါတယ်။

#နောဝစ်ခ်ျ #ဒါမစ်