ရှေ့သို့
Image

လမ်းပတ်ကို ခန့်အပ်ရေး နှောင့်နှေးနေလို့ ချဲလ်ဆီးအသင်းသားတွေ မတင်မကျဖြစ်နေရ

4:28 PM, 22 June

ချဲလ်ဆီးကစားသမားတွေဟာ နည်းပြဆာရီရဲ့နေရာမှာ အစားဝင်မယ့်နည်းပြသစ် ခန့်အပ်ဖို့ အသင်းတာဝန်ရှိသူဘက်က နှောင့်နှေးနေတာကို စိတ်မသက်မသာဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဒါဘီအသင်းနည်းပြ လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုနေပေမယ့် အခုချိန်အထိ ဒါဘီအသင်းထံ တရားဝင်ကမ်းလှမ်းခြင်းမရှိသေးပါဘူး။
ချဲလ်ဆီးဟာ လာမယ့်ရက်သတ္တပတ်အတွင်း အသင်းရဲ့ထာဝရဂိုးသွင်းဘုရင် လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်မှ အဆင်ပြေနိုင်ပြီး နောက် ၂ပတ်အကြာမှာ ကစားသမားတွေက ရာသီကြိုခြေစမ်းပွဲခရီးစဉ်အတွက် အသင်းနဲ့ပြန်လည်ပူးပေါင်းတော့မှာဖြစ်လို့ အသင်းတာဝန်ရှိသူတွေက ဇူလိုင်လမတိုင်ခင် လမ်းပတ်ကို ခန့်အပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ ကစားသမားအများစုဟာ ရာသီသစ်ရောက်ရင် ဘယ်အသင်းမှာ ကစားရမလဲဆိုတာကို စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။
ဒီလိုနှောင့်နှေးနေရတာက ပုံမှန်ပွဲထွက်ခွင့်ရဖို့ အငှားနဲ့ပဲဖြစ်ဖြစ် အပြီးသတ်ပဲဖြစ်ဖြစ် အသင်းကနေ ထွက်ခွာလိုနေတဲ့ကစားသမားတွေအတွက် အဓိကပြဿနာဖြစ်နေပြီး နောက်ထပ်ပိုဆိုးတာက ပရီးမီးယားလိဂ်ရဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်က ပိုတိုတောင်းနေတာဖြစ်ကာ သြဂုတ်လ ၈ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။ အထူးသဖြင့် နောက်ခံလူ ဇူးမားရဲ့အနာဂတ်က ရက်ပိုင်းအတွင်း သိရဖို့လိုအပ်နေပြီး အဲဒီပြင်သစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်မှာ အငှားကစားခဲ့တဲ့ကာလအတွင်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အဲဒီမာဆေးဆိုက်ဒ်အခြေစိုက်အသင်းက သူ့ကို အပြီးသတ်ခေါ်ယူလိုနေပါတယ်။
ဒါ့အပြင် ဘာကာယိုကို၊ အေဘရာဟမ်နဲ့ ဘက်ရွှာယီတို့လို ကစားသမားတွေကလည်း နည်းပြသစ်အပေါ် မူတည်ပြီး သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရမှာဖြစ်တာမို့ အမြန်ဆုံးအဖြေပေါ်လိုနေပါတယ်။

#ဇူးမား