ရှေ့သို့
Image

ယနေ့အတွက် ယူနိုက်တက်သတင်းတိုများ

2:34 PM, 21 June

- ယူနိုက်တက်အသင်းဟာ ပဲလေ့စ်နောက်ခံလူ ၀မ်ဘစ်ဆာကာကို တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ နဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အသင်းရှိညာနောက်ခံလူ ဒါမီယန်ကိုလည်း ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ဟာ သူ့ရဲ့အပြောင်းအရွှေ့အတွက် နောက်တစ်ကြိမ်ဆွေးနွေးမှုပြီးရင် ပြည့်စုံပြီလို့ ယုံကြည်နေပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၇သန်း၊ အောင်မြင်မှုအပေါ် မူတည်ကာ အပိုဆုကြေးပေါင် ၈သန်းပေးချေဖို့ သဘောတူညီထားပါတယ်။

- ယူနိုက်တက်အသင်းဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်ကို နောက်တစ်ကြိမ်အငှားနဲ့ သွားမကစားခင် မိခင်ကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ရှက်ဖီးယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အင်္ဂလန်ယူ -၂၁အသင်းနဲ့အတူ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိပါတယ်။

- ပြီးခဲ့တဲ့ရာသီက အသင်းကြီးမှာ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ယူနိုက်တက်လူငယ်ကစားသမား အိန်ဂျယ်ဂိုမက်စ်ဟာ အခုလည်း အသင်းနဲ့အတူ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ အခွင့်အရေးရရင် ခြေစွမ်းပြနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ သူဟာ ကြံ့ခိုင်မှုအပြည့်ရှိနေစေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းတွေပြုလုပ်နေတာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ရာသီသစ်မှာ ဂိုမက်စ် ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပါတယ်။

- စပို့တင်းလစ္စဘွန်းအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူဟာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ဆွေးနွေးဖို့အတွက် အင်္ဂလန်ကို ရောက်ရှိနေကြောင်း သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ စပို့တင်းလစ္စဘွန်းအသင်းဥက္ကဋ္ဌဖြစ်သူက ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့ဖြစ်မြောက်လာစေရေးအတွက် အေးဂျင့်ဖြစ်သူ မီဂွယ်ပင်ဟိုကို မှာကြားထားကြောင်း သိရပြီး စပို့တင်းက ဖာနန်ဒက်စ်အတွက် သင့်တော်မှန်ကန်တဲ့ပြောင်းရွှေ့ကြေးသာ လက်ခံရရှိရင် ထွက်ခွာခွင့်ပြုဖွယ်ရှိပါတယ်။

- ယူနိုက်တက်ဟာ ဇူလိုင်လအတွင်း ရာသီကြိုခြေစမ်းပွဲခရီးမထွက်ခွာခင် နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်ကစားသမားတွေဟာ ဇူလိုင်လ ၁ရက်နေ့မှာ အသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိကြောင်း သတင်းပို့ရမှာဖြစ်ပြီး ဇူလိုင်လ ၇ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့ကို ခရီးထွက်မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ဆွမ်ဆီးတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူထားပြီးဖြစ်သလို ပဲလေ့စ်ညာနောက်ခံလူ ၀မ်ဘစ်ဆာကာကိုလည်း ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

- ယူနိုက်တက်အသင်းအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ကွင်းလယ်လူ လင်ဂတ်က နည်းပြဆိုးလ်ရှားလက်ထက် ရာသီသစ်မှာ လူငယ်ကစားသမားတွေ အခွင့်အရေးပိုရလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားပါတယ်။ ယူနိုက်တက်ဟာ ရာသီသစ်မှာ ယူရိုပါလိဂ်ကစားရမှာဖြစ်လို့ လူငယ်လေးတွေလည်း အခုထက်အခွင့်အရေးပိုရလာနိုင်ပြီး လင်ဂတ်က ဂရင်းဝုဒ်၊ အိန်ဂျယ်ဂိုမက်စ်နဲ့ တာဟစ်ချောင်တို့ ပိုမိုခြေစွမ်းပြနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါ။

- ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့မှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာက ''ဆာရီကို ပုဂ္ဂိုလ်ရေးအရ သိပ်မသိပေမယ့် နာပိုလီနဲ့အတူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သူပါ။ ကျွန်တော်တို့အတူတကွ ကြီးကျယ်တဲ့အရာတွေ ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးဖို့ ၃နှစ်ကျန်နေသေးသလို ဂျူဗင်တပ်စ်မှာ ဆက်ကစားမှာလည်း သေချာပါတယ်''လို့ တုံ့ပြန်သွားပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဂိုမက်ဇ် #ဘရူနိုဖာနန်ဒတ်စ်