ရှေ့သို့
Image

ဂရစ်ဇ်မန်း၊ ဂိုဒင်၊ ရိုဒရီတို့ မရှိတော့တဲ့ အသင်းကို ဆီမြွန်နီဘယ်လိုပြန်တည်ဆောက်မလဲ

2:59 PM, 20 June

အက်သလက်တီကို နည်းပြ ဆီမြွန်နီဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ဆိုတာကို ၇နှစ်ကြာ ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ရာသီမှာတော့ အဓိက ကစားသမားတွေမရှိတဲ့  အက်သလက်တီကို အသင်းကို ဘယ်လို ပြန်လည်တည်ဆောက်မယ်ဆိုတာ စိတ်ဝင်စားစရာ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အက်သလက်တီကိုအသင်းဟာ ဘင်ဖီကာ တိုက်စစ်ကစားသမား ဂျာအို ဖီလစ်ကို ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး ယူရို သန်း၁၂၀နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။ ဆီမြွန်နီက ယခုနှစ်ရာသီမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ နည်းပြ ဘ၀တစ်လျောက် အခက်ခဲဆုံးဖြစ်တယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

အသင်းရဲ့ အဓိက ကစားသမားတွေ ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး ဆီမြွန်နီက "အ၀တ်လဲခန်းမှာ ဦးဆောင်နိုင်တဲ့ ကစားသမားတွေ ထွက်ခွာသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ရမှာပဲ"လို့ ဆိုပါတယ်။

အသင်းမှာ အတွေ့အကြုံ အရင့်ဆုံး ကစားသမား ၃ဦး ထွက်ခွာမှုကလည်း အသင်းကို အနည်းနဲ့ အများတော့ ထိခိုက်စေမှာ အမှန်ပါပဲ။ ဂိုဒင်ဟာ အီတလီကို ပြောင်းရွေ့တော့မှာ ဖြစ်သလို ဖီလစ်ပီနဲ့ ဂျူအန်ဖရန်တို့ဟာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

လူငယ် ကစားသမားတွေထဲကလည်း အသင်းက ထွက်ခွာမယ့် ကစားသမားတွေ ရှိနေပါတယ်။ ကွင်းလယ်လူ ရိုဒရီဟာ မန်စီးတီးကို ပြောင်းရွေ့ ကစားဖွယ် ရှိနေပြီး လူးကပ်စ် ဟာနန်ဒက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွေ့ဖို့ သဘောတူညီမှု ရခဲ့ပြီး ဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာလည်း အသင်းက ထွက်ခွာတော့မယ်လို့ ကြေညာထားခဲ့တာကြောင့် ဆီမြွန်နီအနေနဲ့ တော်တော်လေး ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

fox sport နဲ့ အင်တာဗျူးမှာ ဆီမြွန်နီက "ကျွန်တော်တို့မှာ အော့ဘလက်ခ်ရှိတယ်။ ဂျီမီနက်ဇ် ရှိတယ်။ လူးကပ်စ် ဟာနန်ဒက်ဇ်နဲ့ ဂရစ်ဖ်မန်းတိုကတော့ အသင်းမှာရှိတော့မှာ မဟုတ်ပါဘူး"လို့ ဖြေခံ့ပါတယ်။

နောက်ခံလူ ဂျီမီနက်ဇ်ဟာ ဂိုဒင်ရဲ့ နေရာကို အစားထိုးပြီး အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ အော့ဘလက်ခ်ကိုလည်း စပိန်မှာ လုပ်ခ အများဆုံး ဂိုးသမားအဖြစ် လစာတိုးပေးပြီး အသင်းမှာ ဆက်ထိန်းဥွားဖို့ ရှိနေပါတယ်။

ဒီဂီယာသာ မန်ယူအသင်းက ထွက်ခွာခဲ့မယ်ဆိုရင်တော့ အော့ဘလက်ခ်က ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် အသင်းမှာ သောမက်စ် ပါတေးဟာ ကွင်းလယ်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့် ရလာနိုင်ပါတယ်။

ဆာအူ နီဂွက်ဇ်ဟာ သောမက်စ်နဲ့အတူ ကွင်းလယ်မှာ တာဝန်ယူသွားမှာ ဖြစ်ပေမယ့် သူ့ရဲ့ အကောင်းဆုံး နေရာဖြစ်တဲ့ ကွင်းလယ်ဗဟို နေရာမှာသာ အသုံပြုဖို့ နည်းပြကို အာမခံချက် တောင်းခံပါလိမ့်မယ်။ ယမန်နှစ်ရာသီကတော့ နီဂွက်ကို ဆီမြွန်နီက နေရာစုံမှာ ကစားစေခဲ့ပါတယ်။

သောမက်စ် လီမာနဲ့ ဒီယေဂို ကော်စတာတို့ဟာ ကြံ့ခိုင်မှုနဲ စွမ်းဆောင်ရည်ကို တည်ငြိမ်စွာ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒီယေဂို ကော်စတာဟာ ယမန်နှစ်က အသင်းဟောင်းကို ပြန်လာခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ တရုတ်ကလပ်တွေက စိတ်ဝင်စားမှု ပြသနေပေမယ့် ကော်စတာကတော့ အသင်းမှာပဲ ဆက်ရှိချင်နေပါတယ်။

ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးအသင်းတို့မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်မှူး မိုရာတာဟာလည်း အက်သလက်တီကိုမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လာမယ့်ရာသီမှာ တိုက်စစ်မှူးသစ် ဂျာအိုဖီလစ်နဲ့ တွဲဖက်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ရပါတယ်။

အက်သလက်တီကိုအသင်းဟာ နာမည်ကြီး ကစားသမားတွေ အသင်းက ထွက်ခွာခဲ့ရင် ပိုကောင်းတဲ့ ကစားသမားတွေကို ၀ယ်ယူပြခဲ့တဲ့ သာဓကလည်း ရှိခဲ့ပါတယ်။ စဉ်စားစရာတစ်ခုကတော့ အဂူရိုရဲ့ နေရာမှာ အစားဝင်ခဲ့တဲ့ ဖယ်ကာအိုလိုမျိုး ဂျာအိုဖီလစ်က ခြေစွမ်းပြနိုင်မလား ဆိုတာပါပဲ။

၂၀၁၂ခုနှစ် အဂူရို အက်သလက်တီကိုအသင်းကို ရောက်ရှိလာခဲ့စဉ်က ၁၇နှစ် အရွယ်သာ ရှိသေးပြီး ယူရို ၂၃ သန်း အထိတန်ကြေး ရှိခဲ့ပါတယ်။ ယခု ဂျာအိုဖီလစ်ရဲ့ သန်း ၁၀၀ကလည်း အဂူရိုလို ရင်းနှီးမြုပ်နှံမှုကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

အက်သလက်တီကိုအသင်းဟာ နောက်ခံလူ နေရာအတွက် ဖီလစ်ပီ မွန်တဲရိုးကို ယူရို သန်း၂၀နဲ့ ခေါ်ယူထားခဲ့ပြအီးဟာမိုဆို၊ လော်ရန်တေးတို့ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့် အဆိုပါ ကစားသမား ၂ဦးက ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ဖြစ်နေလို့ မက်ဒရစ်က ခွင့်ပြုသွားဖို့ မရှိနိုင်ပါဘူး။

ကြီးမားတဲ့ ပြိုင်ပွဲတွေကတော့ မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဆီမြွန်နီရဲ့ အဓိက ထောက်တိုင်တွေကတော့ကျေမွ ပျက်ဆီးခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၂တုန်းကလိုပဲ ဆီမြွန်နီ  ထပ်လုပ်ပြနိုင်မလားဆိုတာကတော့ .....

#ဂျာအိုဖီးလစ် #ဂိုဒင်