ရှေ့သို့
Image

မက္ကဆီကို ၃ - ၁ ကနေဒါ ၊ ဂွာဒါဒိုရဲ့သွင်းဂိုးတွေနဲ့ နိုင်ပွဲ ဆက်နေတဲ့ နည်းပြ မာတီနိုရဲ့မက္ကဆီကို

11:47 AM, 20 June

မက္ကဆီကိုအသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်မှာတော့ ကျူးဘား အသင်းကို ၇-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို အခုဒုတိယပွဲစဉ်ဖြစ်တဲ့ ကနေဒါ အသင်းနဲ့ ပွဲစဉ်မှာလည်း ၃-၁ ဂိုးနဲ့ ထပ်မံ အနိုင်ရရှိခဲ့ပြီး အုပ်စုအေရဲ့ထိပ်ဆုံးမှာ ရမှတ် ၆ မှတ်နဲ့ ရပ်တည်နေပါတယ်။

မက္ကဆီကို အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၄၀ မိနစ်မှာ အယ်လ်ဗာဒိုက အဖွင့်ဂိုးကို စတင် သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာတော့ ၁-၀ ဂိုးနဲ့ ပွဲပြီးခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ၉ မိနစ်အကြာမှာတော့ ဂူတီယာရက်ဇ် နေရာမှာ လူစားဝင်လာတဲ့ ဂွာဒါဒိုက အသင်းအတွက် ဒုတိယမြောက် သွင်းဂိုး သွင်းယူပေးခဲ့ကာ ကနေဒါ အသင်းအတွက် ချေပဂိုးကိုတော့ တိုက်စစ်မှူး ကာဗယ်လီနီက ပွဲကစားချိန် ၇၅ မိနစ်မှာ သွင်းယူပေးခဲ့ပြီး မက္ကဆီကို အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၇၇ မိနစ်မှာ ဂွာဒါဒိုကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ကနေဒါအသင်းဟာ မက္ကဆီကိုအသင်းကို အခုနောက်ပိုင်း ပွဲစဉ်တွေမှာ အနိုင်ရရှိခြင်း မရှိတော့ပဲ နောက်ဆုံး အနိုင်ရရှိခဲ့တာကတော့ ၂၀၀၀ ခုနှစ် ရွှေဖလား ပွဲစဉ်တုန်းက အချိန်ပိုမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ကနေဒါအသင်းကတော့ အဖွင့်ပွဲစဉ်မှာ မာတီနီကွေး အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အခု ပွဲစဉ်မှာတော့ မက္ကဆီကိုအသင်း မယှဉ်နိုင်ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အခြားအုပ်စု ပွဲစဉ်မှာတော့ မာတီနီကွေး အသင်းဟာ ကျူးဘား အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ကနေဒါ အသင်းနဲ့ ရမှတ် ၃ မှတ်စီ တူညီနေပြီး  ၂ ပွဲစလုံး အနိုင်ရရှိထားတဲ့ မက္ကဆီကို အသင်းကတော့ နောက်တစ်ဆင့်တက်ဖို့အတွက် အခြေအနေ ကောင်းနေပါတယ်။

#မာတီနို #ကျူးဘား #ကနေဒါ