ရှေ့သို့
Image

အားကစားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသောဗီလိန်အဖြစ် ဆွာရက်ဇ် သတ်မှတ်ခံရ

7:55 AM, 20 June

ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘောလုံးလောကရဲ့အထင်ရှားဆုံးဗီလိန်တစ်ဦးအဖြစ် မီဒီယာတွေရဲ့သတ်မှတ်ခြင်းခံထားရပြီး အခုလည်း ESPN သတင်းဌာနရဲ့စစ်တမ်းအရ အားကစားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသောဗီလိန်အဖြစ်ပါ သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။ ESPN ရဲ့ Head in the Game အစီအစဉ်မှာ ပရိသတ်တွေဆီကနေ မဲဆန္ဒကောက်ယူခဲ့ရာ ဆွာရက်ဇ်က ထိပ်ဆုံးမှာရပ်တည်ခဲ့တာဖြစ်ပြီး ဒိုင်ဗင်ထိုးမှုတွေ၊ ဂါနာနဲ့ပွဲမှာ လက်နဲ့ပုတ်ထုတ်တာ၊ ပြိုင်ဘက်တွေကို ကိုက်တာနဲ့ အီဗရာကို လူမျိုးရေးအရရိုင်းပျစော်ကားတာတွေကြောင့် အခုလိုသတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အားကစားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဗီလန်စာရင်းရဲ့ထိပ်ဆုံး  ၁၀ဦးမှာ ဘောလုံးလောကသား ၇ဦးအထိပါဝင်နေပြီး အင်္ဂလိပ်ဘောလုံးလောကရဲ့အငြင်းပွားဖွယ်အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဂျိုယေးဘာတန်က ဒုတိယနေရာမှာ ရပ်တည်နေပြီး ဟိုဆေးမော်ရင်ဟို၊ ဒီယေဂိုကော်စတာ၊ ဆာဂျီယိုရာမို့စ်၊ ဒီယေဂိုမာရာဒိုနဲ့ ရွိုင်ကိန်းတို့လည်း ထိပ်ဆုံး ၁၀ဦးစာရင်းမှာ ပါဝင်လာပါတယ်။ လက်ဝှေ့လောကရဲ့အကြီးကျယ်ဆုံးလက်ဝှေ့သမားတွေဖြစ်တဲ့ မိုက်တိုင်ဆန်နဲ့ ဖလွိုက်ဒ်မေ၀ယ်သာတို့လည်း ပါဝင်ခဲ့ပြီး သြစတြေးလျခရစ်ကတ်သမား ဒေးဗစ်ဝါနာလည်း ပါဝင်ခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ကစားသမားဘ၀တစ်လျှောက် ပြိုင်ဘက်ကို ၃ကြိမ်အထိ ကိုက်ခဲ့ပြီး ဘက်ကယ်၊ အိုင်ဗန်နိုဗစ်နဲ့ ချီရယ်လီနီတို့အားလုံး ဆွာရက်ဇ်ရဲ့သွားတွေအောက် ရောက်ခဲ့ရဖူးပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီနောက်ခံလူ ချီရယ်လီနီရဲ့ပခုံးကို ကိုက်ခဲ့လို့ လက်ရွေးစင်ပွဲ ၉ပွဲပယ်ခံခဲ့ရသလို ၄လကြာပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှ အဲဒီပြစ်ဒဏ်က လျော့သွားခဲ့တာပါ။

#ဘာစီလိုနာ #ချီရယ်လီနီ