ရှေ့သို့
Image

ဒူးဒဏ်ရာကြောင့် လာမယ့် ရာသီသစ် ၂၀၁၉ - ၂၀၂၀ ပွဲစဉ်အချို့ကို လွဲချော်ဖွယ် ရှိနေတဲ့ ဟက်တာဘယ်လာရင်

10:45 AM, 19 June

အာဆင်နယ်အသင်း နောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ ဒူးဒဏ်ရာကြောင့် အသင်းရဲ့ရာသီသစ် ပရီးမီးယားလိဂ် ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ဘယ်ဘက်ဒူးဒဏ်ရာ ရရှိခဲ့တဲ့ ညာနောက်ခံလူ ဘယ်လာရင်ဟာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး အသင်းရဲ့ပွဲစဉ် တော်တော်များများကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

မူလကတော့ ၆ လကနေ ၉ လအထိ လွဲချော်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် လန်ဒန်သတင်း ဌာနတွေကတော့ ညာနောက်ခံ ကစားသမားလေး ဘယ်လာရင်ဟာ အသင်းရဲ့ရာသီကြို ပွဲစဉ်အပြင် ပရီးမီးယားလိဂ် ပွဲစဉ်အချို့လောက်ကိုသာ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း တာဝန်ရှိသူတွေကတော့ အသက် ၂၄ နှစ်အရွယ် ကစားသမားကို အလျင်စလို အသုံးမပြုဘူးလို့ ဆိုပါတယ်။

မတ်လတုန်းကလည်း နောက်ခံလူ ဘယ်လာရင်ဟာ သူ့ရဲ့ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် တရားဝင် အကောင့်ကနေ တစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

“ကျွန်တော် ဟိုတစ်နေ့က အိပ်ပျော်နေတုန်း ယောင်ပြီး တစ်ခါတစ်လေ ဒူးကို သတိမထားမိတဲ့ အချိန်တွေဆို အရမ်း နာကျင်ခဲ့ရပါတယ်။ ပြီးတော့ မနက်ခင်းနိုးတော့လည်း ကျွန်တော့် ဒူးနာသလို ဖြစ်တာနဲ့ အသင်း ဆရာဝန်တွေကို ပြောပြ ခဲ့ပါသေးတယ်။ သူတို့ကတော့ ဒါဟာ ပုံမှန် ဖြစ်နေကြတွေပါပဲ”လို့ စပိန်သားက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကာ နောက်ခံလူ ဘယ်လာရင်အနေနဲ့ အဆိုပါ ပွဲစဉ်အချို့ကို လွဲချော်ဖွယ် ရှိနေပါတယ်။

ဒါကြောင့် နည်းပြ အမ်မရီအနေနဲ့ ရာသီအစ ပွဲစဉ်အချို့ကို ညာနောက်ခံလူ နေရာမှာ မစ်လန်းနိုင်းစ်ကိုသာ ထည့်သွင်း အသုံးပြုရဖွယ် ရှိနေပါတယ်။

စပေါ့မေးလ် သတင်းဌာနကတော့ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့အသုံးစရိတ် ၄၅ သန်းသာ ရှိတာကြောင့် အသင်းကို ကစားသမားသစ်တွေ ခေါ်ဆောင်ဖို့ အခက်အခဲ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

နည်းပြ အမ်မရီအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ အပြောင်းအရွှေ့ အသုံးစရိတ် ပိုမိုရရှိဖို့အတွက် ကစားသမားတွေကို ပြန်လည်ရောင်းချပြီး ရှာဖွေရဖွယ် ရှိနေကာ ကွင်းလယ် ကစားသမား အိုဇေးလ်ကို ပြန်လည်ရောင်းချဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် ကစားသမားရဲ့လစာ အခြေအနေက ခေါ်ယူမယ့် အသင်းတွေအတွက် ခက်ခဲတဲ့ အခြေအနေ တစ်ရပ်အဖြစ် ရှိနေပါတယ်။

အာဆင်နယ် အသင်းဟာ လာမယ့်ရာသီသစ်မှာ နောက်တန်းကို အဓိကထား ပြင်ဆင်ဖို့ စီစဉ်နေပြီး စိန့်အက်တီယန် နောက်ခံလူ ဆာလီဘာကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

#ဘယ်လာရင်