ရှေ့သို့
Image

ယနေ့ အတွက် လီဗာပူးသတင်းတိုများ

5:26 PM, 17 June

လီဗာပူးအသင်းဟာ စပို့ တင်း လစ္စဘွန်းကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ပေါင်သန်း၄၀ဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ကြောင်း သိရပါတယ်။

ယမန်နှစ်ရာသီက ပေါ်တူဂီကလပ်အတွက် ပွဲ၅၀မှာ ၃၁ဂိုးသွင်းယူထားတဲ့ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီအသင်းနဲ့ မကြာသေးခင်ကမှ နေးရှင်းလိဂ်ဖလားကိုင်မြှောက်ထားတာ ဖြစ်ပါတယ်။

စပို့ တင်းကတော့ ပရီးမီးယားလိဂ်ကလပ်များစွာကလို ချင်နေတဲ့ အသက်၂၄နှစ်အရွယ် ကွင်းလယ်ကစားသမား အတွက် အနည်းဆုံးပေါင်သန်း၅၀နှင့်အထက် လိုချင်နေပါတယ်။

>>> လီဗာပူးတိုက်စစ်ကစားသမားဟောင်း ဂျွန် အယ်ဘရိုက်က အသင်းအနေနဲ့ ဖာမီနိုရဲ့အရန်သင့် တိုက်စစ်မှူးအဖြစ် ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာကို ခေါ်ယူသင့်ကြောင်း ကလော့ကို အကြံပြုပြောဆိုသွားပါတယ်။

ဇာဒရန် ရှာကွီရီက လက်ရှိနွေရာသီမှာ ပြောင်းရွေ့ ဖို့ သတင်းတွေထွက်ပေါ်နေချိန်တွင် ကလော့ဟာ ကြိုးကြာနီတွေရဲ့တိုက်စစ်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့  အယ်ဘရိုက်က ပြောပါတယ်။

“ဇာဟာက ပြီးခဲ့တဲ့ရာသီတွေကတည်းက လီဗာပူးအသင်းကို ဒုက္ခပေးခဲ့တဲ့ကစားသမားပါ ကလော့ရဲ့အရည်အသွေးတွေနဲ့ ဆို သူကို ပုံမှန်ခြေစွမ်းပြကာ အန်ဖီးလ်မှာ တောက်ပနိုင်မယ့် ကစားသမားမျိုးဖြစ်အောင်  လုပ်လို့ ရပါတယ်” ဟု ဆိုသွားပါတယ်။

>>> လီဗာပူးအသင်းဟာ လူငယ်တောင်ပံကစားသမား ဟယ်ရီဝဲလ်ဆင်ကို လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေထံ အငှားချသွားမယ်လို့ သိရပါတယ်။
အသက်၂၂နှစ်အရွယ် ကစားသမားဟာ ဒါဘီကို ချန်ပီယံရှစ် ရှုံးထွက်ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် အသင်းကို ပရီးမီးယားလိဂ်သို့  တန်းတက်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဝေးလ်စ်တိုက်စစ်ကစားသမားဟာ ဒါဘီအတွက် ၁၆ဂိုးသွင်းယူပြီး ၄ဂိုးဖန်တီးပေးထားတာကြောင့် များစွာသော ချန်ပီယံရှစ်ကလပ်တွေက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။

အလားတူ ပရီးမီးယားလိဂ်ကလပ်ဝုဗ်ဟာလည်း ၀ဲလ်ဆင်ကို အငှားဖြင့် ခေါ်ယူချင်နေပြီး လီဗာပူးအသင်းဟာ ၀ဲလ်ဆင်အတွက် ပေါင်သန်း၂၀ရပါက ရောင်းချသွားဖွယ် ရှိပါတယ်။

>>> ရိန်းဂျားအသင်းဟာ အသက်၂၁နှစ်အရွယ် လီဗာပူးကစားသမား ရှီယီ အိုဂျိုကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း စကော့တစ်ဆမ်းသတင်းက ဖော်ပြသွားခဲ့ပါတယ်။

အိုဂျိုဟာ ပြီးခဲ့တဲ့ရာသီက လီဂူး၁ကလပ် စတာဒီရင်းစ်အသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး အီဘရော့စ်ကို သွားရောက်ခြင်းဟာ ၎င်းအတွက် ၅ကြိမ်မြောက် အန်ဖီးလ်ကနေ အငှားဖြင့် ထွက်ကစားခြင်း ဖြစ်ပါတယ်။

ရိန်းဂျားနည်းပြ စတီဗင်ဂျာရတ်ဟာ နောက်ထပ်လီဗာပူးလူငယ်ကစားသမားတစ်ဦးကို ခေါ်ယူချင်နေပါတယ်။

လီဗာပူးတောင်ပံကစားသမားရွိုင်ယန်ကန့် ဟာ ယမန်နှစ်က စကော့တလန်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး PFA  တစ်နှစ်တာလူငယ်အကောင်းဆုံး ကစားသမားဆုကို ရရှိထားခဲ့ပါတယ်။

>>> အသင်းရဲ့အဓိကတိုက်စစ်မှူး ဆာဒီယိုမာနေးက မည့်သည်အသင်းမဆို ကမ်းလှမ်းလာပါစေ လီဗာပူးအသင်းမှာဘဲ ဆက်နေသွားမှာဖြစ်ကြောင်း အသင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မာနေးရဲ့ ခြေစွမ်းပြမှုတွေနဲ့ သွင်းဂိုးတွေကြောင့် ရီးရဲလ်မက်ဒရစ်ကဲ့သို့  ထိပ်တန်းကလပ်များက ခေါ်ယူရန် စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။
အသက်၂၇နှစ်သားဟာ ယမန်နှစ်ပရီးမီးယားလိင်္ဂမှာ လီဗာပူးအတွက် ၁ပွဲသာလူစားဝင်ကစားခဲ့ပြီး ၃၅ပွဲမှာ ၂၂ဂိုးသွင်းယူပြီး ၁ဂိုးဖန်တီးပေးခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာလည်း ဆီနီဂေါလက်ရွေးစင်ကစားသမားဟာ ၁၃ပွဲပါဝင်ကစားခဲ့ပြီး ၄ဂိုးသွင်းယူကာ ၁ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

>>> ဆီနီဂေါ တိုက်စစ်မှူး ဆာဒီယို မာနေးဟာ အာဖရိကဖလား အဖွင့်ပွဲစဉ်အဖြစ် တန်ဇာနီးယားအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးစတားဟာ ပွဲပယ်တစ်ပွဲပြစ်ဒဏ်ကြောင့် ပါဝင်သွားမှာ မဟုတ်ကြောင်း နည်းပြ  ဆစ်ဆေးက အတည်ပြုပြောကြားသွားခဲ့ပါတယ်။

အာဖရိကဖလားကို အီဂျစ်အသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဂျွန်၂၁ရက်ကနေ ဂျူလိုင် ၁၉ရက်အထိ အသင်းပေါင်း ၂၄သင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မာနေးရဲ့ ဆီနီဂေါအသင်းဟာ အုပ်စုCမှာ ကျရောက်လျက်ရှိပြီး အယ်ဂျီရီးယား၊ကင်ညာနဲ့  တန်ဇာနီးယားတို့ နဲ့  ကစားရမှာပါ။

အသက်၂၇နှစ်အရွယ် မာနေးဟာ ခြေစစ်ပွဲအဖြစ်ကစားခဲ့တဲ့ မာဒါဂတ်စကာနဲ့  ဂူနီယားအသင်းတွေနဲ့ ပွဲမှာ အ၀ါကဒ်တွေ ထိခဲ့တာကြောင့် ယခုလိုတစ်ပွဲပယ်ခံရတာ ဖြစ်ပါတယ်။

>>> အီဂျစ်ကြယ်ပွင့် မိုဟာမက် ဆာလက်ဟာ အာဖရိကပြိုင်ပွဲမကစားမီ ဂီနီအသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ်တွင် အရန်ခုံကနေ မိနစ်အနည်းငယ် ပါဝင်ကစားခဲ့ပြီး ဂိုးတော့သွင်းယူနိုင်ခြင်း မရှိပါဘူး။
ပထမပိုင်းမှာတင် မိုဆန်က အီဂျစ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ကာဘာက ဒုတိယပိုင်းမှာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

နိုင်ငံအသင်းမှာ နှစ်ရှည်ကြာမကစားရတဲ့ အာမန်အလီဟာ အီဂျစ်အတွက်ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ဆာလက်က ပြိုင်ဘက်ဂိုးသမားကို နှစ်ခါလောက် လိမ်ခေါက်ပြီး ကန်သွင်းရာတွင် တိုင်ထိထွက်လာတာကို အလီက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ပွဲသိမ်းဂိုးကို ဂါဘာက သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲဟာ အီဂျစ်အတွက် နိုင်ပွဲ၂ပွဲဆက် ရစေခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ရက်က တန်ဇာနီးယားကို ၁-၀ဂိုးဖြင့် အနိုင်ရထားတာပါ။

အာဖရိကဖလား၈ကြိမ်မြောက်ရဖို့  ကြိုးစားနေတဲ့အီဂျစ်ဟာ အုပ်စု A တွင် ကွန်ဂို၊အူဂန်ဒါ၊ဇင်ဘာဘွေ အသင်းတို့ နဲ့  ယှဉ်ပြိုင်ကစားရမှာ  ဖြစ်ပါတယ်။

>>> လီဗာပူးအသင်းဟာ ဆောက်သမ်တန်ဂိုးသမား အဲလ်ဇ် မက္ကာသီကို ခေါ်ယူရန် စဉ်းစားလျက်ရှိကြောင်း မယ်ရာသတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

ဒုတိယဂိုးသမား ဆိုင်မြွန် မင်ဂနိုလတ်က အန်ဖီးလ်ကနေ ထွက်ခွာဖို့ ပြင်နေတာကြောင့် နည်းပြ ဂျာဂင်ကလော့က ပရီးမီးယားလိဂ်အတွေ့ အကြုံရင့် ဂိုးသမားကို အစားထိုးရန် အလိုရှိနေတာ ဖြစ်ပါတယ်။

အသက်၂၉နှစ်အရွယ် ဂိုးသမားဟာ လီဗာပူးအသင်း ရိုးမားဆီက အလီဆင်ဘက်ကာကို မခေါ်ယူခင်ကတည်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

မက္ကာသီဟာ နည်းပြမာဟုခ်ျလက်အောက် ရာသီအစမှာ လက်စွမ်းပြခဲ့တာကြောင့် နိုဝင်ဘာလမှာ အင်္ဂလန်အသင်းရဲ့ ခေါ်ယူခြင်း ခံရပေမယ့် နည်းပြ သစ် ဟန်ဆမ်ဟက်တဲလ်လက်အောက်မှာ ၄င်းရဲ့ နေရာ ပျောက်ဆုံးသွားခဲ့ပြီး အန်ဂတ်စ် ဂန်းကို ပထမဆုံးဂိုးသမား နေရာပေးထားရတာဖြစ်ပါတယ်။

အသက်၃၁နှစ်အရွယ် မင်ဂနိုလတ်ဟာ ယခုနှစ်နွေရာသီမှာ ပထမဦးစားပေးနေရာရဖို့ အသင်းပြောင်းရန် စီစဉ်နေပြီး ကျန်တဲ့ ဂိုးသမား လူးဝစ်ကာရီးယက်စ်ဟာလည်း ၂၀၁၉-၂၀ရာသီအတွက် ဘီဆစ်တပ်စ်မှာ အငှားသွားရောက်ကစားနေတာ ဖြစ်ပါတယ်။

>>> လီဗာပူးအသင်းဟာ စီးရီးအေကလပ် အူဒီးနီးစ်နဲ့ အပြိုင် ဘီဆစ်တပ်စ်ကွင်းလယ်လူ ဒိုရူကန် တိုကော့ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း သိရပါတယ်။

တာကီသတင်းစာ ဖိုတိုမက်ရဲ့ဖော်ပြချက်တွင် ကြိုးကြာနီတွေဟာ နွေရာသီတွင် အပြောင်းအရွေ့ ဖြစ်မြောက်ရန် ပစ်မှတ်ထားလျက် ရှိပါတယ်။

ပထမတုန်းက အူဒီးနီးစ်ဟာ ယူရို၈သန်းဖြင့် အသက်၂၃နှစ်အရွယ် ကစားသမားအတွက် ကမ်းလှမ်းခဲ့သော်လည်း တာကီကလပ်က ပယ်ချထားပါတယ်။

ဘီဆစ်တပ်စ်ကတော့ ယမန်နှစ်ရာသီက စူပါလိဂ်မှာ ၁၉ပွဲကစားကာ ၃ဂိုးသွင်း၊ ၄ဂိုးဖန်တီးထားတဲ့ အဆိုပါကစားသမားအတွက် ယူရို၁၀သန်းဈေးသတ်မှတ်ထားပါတယ်။

ကြိုးကြာနီအသင်းသာ တိုကောဇ့်ကို စိတ်ဝင်စားပြီး ကမ်းလှမ်းမှုလုပ်ခဲ့ပါက ကစားသမားဟာ ပုံမှန်ပွဲထွက်ခွင် အတွက် အာမခံချက်မရှိရင်တောင် အူဒီးနီးစ်ကို ကျော်ကာ မာဆေးဆိုက်ဒ်ကို ရွေးချယ်ဖွယ် ရှိနေပါတယ်။

>>> ဒီကနေ့  တနင်္လာနေ့ ဟာ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆင်ရဲ့ အသက်၂၉နှစ်ပြည့်မွေးနေ့ ဘဲဖြစ်ပါတယ်။

ဟန်ဒါဆင်ဟာ ကလပ်တိုင်းက ကစားသမားတွေလေးစားသင့်တဲ့ ကစားသမားမျိုးဖြစ်ပြီး အထူးသဖြင့် သံသယရှိသူတွေကို ပယ်ပျောက်သွားအောင်စွမ်းဆောင်နိုင်တဲ့သူဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သင်အနေနဲ့  ဟန်ဒါဆင်ဟာ ချန်ပီယံလိဂ်ဖလားရယူနိုင်တဲ့ လီဗာပူးအသင်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်ဟု ပြောခဲ့မယ်ဆိုရင် လူတွေက သင့်ကို ရူးနှမ်းနေတယ်လို့  ပြောပါလိမ်မယ်။

ဒါပေမယ့် ဆန်းဒါးလန်းမြို့ ကနေ မွေးဖွားလာတဲ့ ကွင်းလယ်လူဟာ ရှုံးနိမ့်မှုကို ဘယ်တော့မှ ခေါင်းထဲမထည့်ထားခဲ့ဘဲ ၎င်းအပေါ် သံသယရှိခဲ့တဲ့သူတွေ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တာပါ။
ထိုဝေဖန်သူတွေထဲမှာ ဆာအဲလက်စ် ဖာဂူဆန်လည်း အပါအ၀င်ဖြစ်ပါတယ်။

ဘောလုံးသမိုင်းတစ်လျောက် အကောင်းဆုံးမန်နေဂျာတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာယူနိုက်တက် ဂန္တ၀င်နည်းပြကြီးဟာ  ၎င်းရဲ့ပြေးလွှားပုံဟာ ပြဿနာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၁ခုနှစ်မှာ ဟန်ဒါဆင်ကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။

၂၀၁၃ခုနှစ်က သူရဲ့ အတ္တပတ္ထိစာအုပ်ထဲမှာ ဖာဂူဆန်က “ယနေ့ ခေတ် ဘောလုံးသမားတွေက တင်ပဆုံရဲ့အားနဲ့ ပြေးလွှားနေကျချိန်မှာ ဟန်ဒါဆင်က ဒူးကို အားကိုးပြီး ပြေးလွှားနေတယ်လို့  ကျွန်တော်တို့ သတိထားမိပါတယ်။ သူကစားသမားဘ၀မှာ သူရဲ့ ခြေလှမ်းလှမ်းပုံက နောက်ပိုင်းမှာ ပြဿနာတက်လိမ့်မယ်လို့  ကျွန်တော်တို့ ယူဆပါတယ်” ဟု ဆိုပါတယ်။

လီဗာပူးအသင်းထံ  ၂၀၁၁ခုနှစ်က ရောက်ရှိလာစဉ်မှာလည်း ဟန်ဒါဆင်ဟာ လာမယ့်နှစ်များအတွင်း ကြိုးကြာနီအသင်းမှာ ကစားနိုင်တဲ့ လုံလောက်တဲ့ အရည်အသွေးမရှိဘူးလို့  ပရိသတ်များစွာက ဆိုကြပါတယ်။
၂၀၁၂ခုနှစ်နွေရာသီတွင် ဘရန်ဒန် ရော်ဂျာလက်အောက်မှာ ဟန်ဒါဆင်ဟာ အန်ဖီးလ်ကနေ ထွက်ခွာဖို့ အထိ နီးစပ်ခဲ့ပါတယ်။

မြောက်အိုင်းရစ်သားနည်းပြဟာ ဖူလ်ဟမ်မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဒန်ဆေးအတွက် ဟန်ဒါဆင်ကို အလဲအထပ်လုပ်ဖို့  စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင်၂၀၁၂ခုနှစ်မှာလည်း လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာဟောင်း ဒါမီရန် ကိုမိုလီဟာ အသင်းနေထုတ်ပယ်ခြင်း ခံရပါတယ်။

အကြောင်းကတော့ ဂျော်ဒန် ဟန်ဒါဆင်ကို ခေါ်ယူခဲ့တာကြောင့်လို့ လီဗာပူးအသင်းတာဝန်ရှိသူတွေက ကိုမိုလီကို ပြောပြခဲ့ပါတယ်။

နောက်ထပ်၇နှစ်အကြာမှာတော့ ကိုမိုလီရဲ့ အမြင်ဟာ မှန်ကန်ကြောင်း ရုပ်လုံးပေါ်လာခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ်ပါ ဟန်ဒါဆင်ဟာ ၎င်းအပေါ်ဝေဖန်သံတွေကို တိတ်ဆိတ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

#လီဗာပူး #ဇာဟာ #ဖာနန်ဒက်စ်