ရှေ့သို့
Image

ယနေ့အတွက် ချဲလ်ဆီး သတင်းတိုများ

2:16 PM, 17 June

- ပရီးမီးယားလိဂ်တန်းတက် အက်စ်တွန်ဗီလာအသင်းဟာ ချဲလ်ဆီးအသင်းလူငယ်နောက်ခံလူ အမ်ပါဒူကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၁၈နှစ်အရွယ်ရှိ အမ်ပါဒူကို တခြားအသင်းအများအပြားကလည်း အငှားနဲ့ခေါ်ယူဖို့ စောင့်ကြည့်နေပြီး သူဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဆာရီရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ (Sourc Guardian)

- ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီကာဟေးလ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် နည်းပြဟောင်း အန်တိုနီယိုကွန်တီရှိရာ အင်တာမီလန်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ ရာခိုင်နှုန်းများနေပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ကာဟေးလ်ဟာ ရာသီသစ်မတိုင်ခင် တန်းတက်အက်စ်တွန်ဗီလာအသင်းကို ရောက်ရှိဖို့ သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်နေပေမယ့် အင်တာကို မထင်မှတ်ဘဲရောက်သွားနိုင်တယ်လို့ အီတလီမှာ သတင်းကြီးနေပါတယ်။ (Source Sport Mediaset)

- ပြီးခဲ့တဲ့ရာသီက အေစီမီလန်အသင်းမှာ တစ်ရာသီကြာအငှားနဲ့ သွားရောက်ကစားခဲ့တဲ့ချဲလ်ဆီးကွင်းလယ်လူ ဘာကာယိုကိုဟာ မွေးရပ်မြေကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ၂၀၁၇ နွေရာသီက မိုနာကိုအသင်းကနေ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောက်ရှိလာပြီးနောက် ပထမဆုံးရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား ဘာကာယိုကိုဟာ ချဲလ်ဆီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၃နှစ်ကျန်ရှိနေသေးပြီး တစ်နေ့နေ့မှာ ပီအက်စ်ဂျီအသင်းကို ကိုယ်စားပြုကစားခွင့်ရရေးက သူ့အိပ်မက်ဖြစ်ကြောင်း ဆိုထားပါတယ်။ (Source L'Equipe)

- ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျဟာ အသင်းနည်းပြအဖြစ် ဆာရီရဲ့နေရာမှာ အစားထိုးဖို့ ဒါဘီအသင်းနည်းပြလမ်းပတ်နဲ့ ဆွေးနွေးလျက်ရှိပြီး လာမယ့်ရာသီကနေစတင်ကာ အနည်းဆုံး ၂နှစ်တာဝန်ပေးအပ်ဖွယ်ရှိနေပါတယ်။ လမ်းပတ်ဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ကို ယှဉ်နိုင်ရေးအတွက် အေဘရာမိုဗစ်ခ်ျထံကနေ ၂နှစ်အချိန်ရထားတာဖြစ်ပါတယ်။ (Source Mail)

- ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြဆာရီကို ထွက်ခွာခွင့်ပေးလိုက်ပြီးနောက် ပထမဆုံးအပြောင်းအလဲပြုလုပ်သင့်တာက နည်းပြဆာရီနဲ့အတူ ပြီးခဲ့တဲ့နွေရာသီအတွင်း နာပိုလီကနေ ရောက်လာခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ရောင်းချနိုင်ရေးဖြစ်ကြောင်း ESPN သတင်းဌာနရဲ့ ဘောလုံးရေးရာကျွမ်းကျင်သူ ရှာကာဟစ္စလော့ပ်က သုံးသပ်လိုက်ပါတယ်။ ဆာရီဟာ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးခေါ်ယူမှုအဖြစ် အီတလီလက်ရွေးင် ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့တာဖြစ်ပြီး ပရိသတ်အကြိုက် ကန်တီကို နေရာပြောင်းကစားစေကာ ဂျော်ဂျင်ဟိုကို ကွင်းလယ်ခံစစ်နေရာမှာ အထိုင်ချကစားစေခဲ့လို့ ချဲလ်ဆီးပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ (Source ESPN)

- ''ဆာရီဟာ ကျွန်တော့်ကို အများကြီးသင်ကြားပေးခဲ့ပြီး ပိုကောင်းတဲ့ကစားသမားလည်းဖြစ်စေခဲ့ပါတယ်။ ဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အနာဂတ်မှာလည်း အောင်မြင်မှုတွေရယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်''လို့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက ဂျူဗင်တပ်စ်အသင်းကို ရောက်သွားတဲ့ နည်းပြဆာရီနဲ့ပတ်သက်လို့ ဖွင့်ဟသွားပါတယ်။ (Source Instagram)

- ချဲလ်ဆီးအသင်းဟာ လစ်လပ်နေတဲ့နည်းပြရာထူးအတွက် ဦးစားပးပစ်မှတ်အဖြစ် ဒါဘီအသင်းနည်းပြ လမ်းပတ်ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် တကယ်လို့ အဆင်မပြေဖြစ်ခဲ့ရင် အရန်သင့်ရွေးချယ်မှုအဖြစ် ၀ုဗ်အသင်းနည်းပြ နူနိုဆန်တိုကို ခေါ်ယူဖွယ်ရှိနေကြောင်း သိရပါတယ်။ လမ်းပတ်ဟာ နည်းပြဘ၀အတွေ့အကြုံအဖြစ် ဒါဘီနဲ့အတူ ချန်ပီယံရှစ်တစ်ရာသီသာရှိထားတာကြောင့် သူ့ကို ခန့်အပ်ဖို့ ကြိုးစားနေမှုအပေါ် ထောက်ပြမှုတချို့ရှိနေချိန်မှာ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ၀ုဗ်အသင်းနဲ့အတူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ပေါ်တူဂီလူမျိုး ဆန်တိုကို အရန်သင့်ရွေးချယ်မှုအဖြစ် ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ (Source Times)

- သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းနည်းပြအဖြစ် လမ်းပတ်သာ တာဝန်ယူဖြစ်ရင် လူငယ်တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းကို စာချုပ်သစ်ချုပ်ဆိုရေးကြိုးစားနေမှုလည်း ပိုမိုအဆင်ပြေလာနိုင်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းရဲ့အကယ်ဒမီအသင်းမှာ ဟက်ဆန်အိုဒွိုင်းနဲ့ ရေရှည်လက်တွဲခဲ့ဖူးတဲ့ လက်ရှိလမ်းပတ်ရဲ့လက်ထောက်နည်းပြဖြစ်သူ ဂျိုဒီမောရစ်လည်း ချဲလ်ဆီးအသင်းကို ရောက်လာဖို့ ရှိသလို လမ်းပတ်ကလည်း သူ့ကို အခွင့်အရေးပိုပေးလိမ့်မယ်လို့ အဲဒီအင်္ဂလန်လက်ရွေးစင်ကစားသမားလေးက မျှော်လင့်နေပါတယ်။ (Source Mail)

- ချဲလ်ဆီးအသင်းလက်ထောက်နည်းပြ ဇိုလာဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ယခုနွေရာသီအတွင်း အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းဂန္ထ၀င်ကစားသမား ဇိုလာဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဆာရီနဲ့အတူ ချဲလ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းဘက်က သူ့ကို အသင်းရဲ့သံတမန်ရာထူးနေရာအတွက် ကမ်းလှမ်းခဲ့ပေမယ့် နည်းပြလောကအတွင်း ဆက်ရှိလိုတဲ့ ဇိုလာက အဲဒီကမ်းလှမ်းမှုကို ပယ်ချကာ အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သတင်းတချို့က ဇိုလာအနေနဲ့ နည်းပြဆာရီရှိရာ ဂျူဗင်တပ်စ်ကို ရောက်ရှိနိုင်တယ်လို့ ဖော်ပြနေပေမယ့် သူ့အနေနဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ ဆက်လက်ရှိနေနိုင်တယ်လို့ သိရပါတယ်။ (Source Mirror)

#ဆာရီ #ဂျီယန်ဖရန်ကို ဇိုလာ #ဟက်ဆန် အိုဒွိုင်း