ရှေ့သို့
Image

ပရိသတ်တွေရဲ့မချင့်မရဲဖြစ်မှုကို ဘရာဇီးအသင်းနည်းပြ တီတေး နားလည်

12:21 PM, 15 June

ဘရာဇီးအသင်းနည်းပြ တီတေးက ကိုပါအမေရိကဖလားအဖွင့်ပွဲမှာ ပွဲအစပုံမှန်ခြေစွမ်းမရရှိခဲ့ခြင်းနဲ့ပတ်သက်လို့ ပရိသတ်တွေ အားမလိုအားမရဖြစ်ခဲ့တာကို နားလည်လက်ခံကြောင်း ပြောကြားလိုက်ပါတယ်။ အိမ်ရှင်ဘရာဇီးအသင်းဟာ ဘိုလီးဗီးယားကို ကော်တင်ဟို(၂ဂိုး)နဲ့ တိုက်စစ်မှူးအဲဗာတန်တို့ရဲ့သွင်းဂိုးတွေကြောင့် ၃-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးပေါက်ပျောက်နေခဲ့လို့ ကိုယ့်ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

''ကျွန်တော်တို့ ခံစားလို့ရပါတယ်။ အသင်းကြီးတွေ တစ်ခါတလေခြေစွမ်းမပြနိုင်ရင် အခုလိုပဲကိုယ့်ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံရနိုင်ပါတယ်။ ပြီးတော့ နောက်ခံအစွန်လူဆီကနေ ဗဟိုနောက်ခံလူဆီ၊ အဲဒီနောက် ဗဟိုနောက်ခံလူက ဂိုးသမားဆီ လှည့်ပတ်ပြီး ဘောလုံးပေးပို့နေရင်လည်း အလှောင်ခံရနိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒါကို နားလည်နိုင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့အသင်း တိုက်စစ်ဆင်ပြီး အခွင့်အရေးတွေဖန်တီးနိုင်ရင် သူတို့လည်း ချီးကျူးဂုဏ်ပြုကြမှာပါ''လို့ တီတေးက ပြောကြားခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ဗင်နီဇွဲလားနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းခေါင်းဆောင် အဲလ်ဗက်စ်က မွေးရပ်မြေ ဘာဟီယာမှာ ကစားရမှာဖြစ်လို့ စိတ်လှုပ်ရှားမိကြောင်း ဆိုပါတယ်။ 

#တီတီ #ကိုပါအမေရိက